Tuesday, November 8, 2011

ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ သို့  အလည်တခေါက် ( ၁၂ )

လက်ရာမြောက်တဲ့ ဘဲဥခွံ ကနုကမာခွံ ဗီယက်နမ်ရိုးရာ လက်မှုအနုပညာပြခန်းကို လေ့လာကြည့်ရှုပီး
မြို့ ထဲကို ဆက်လက်ချီတက်လာကြပါတယ် မိုးကလေးလည်းစဲလို့ သွားပါပီ
ဗီယက်နမ်နိုင်ငံရဲ့  ပုံစံတူ ကျဉ်း၂ ရှည်၂ အိမ်ကလေးတွေပုံစံပါ များသောအားဖြင့် ခုလိုအထပ်မြင့်လေးတွေဆောက်ပီး အပေါ်ထပ်မှာ လသာဆောင်လိုထားပီး အပင်လေးတွေစိုက်ထားတာကိုတွေ့ ရပါတယ် ကြည့်ရတာ အရုပ်အိမ်ကလေးတွေ ထောင်ထားသလိုပါပဲ
ဗီယက်နမ်ရဲ့  လိုင်းကားပါ လူက ထိုင်ခုံတောင် မစေ့ပါဘူး များသောအားဖြင့် ဆိုင်ကယ်ကိုအဓိကထားတဲ့နိုင်ငံဖြစ်တော့ လိုင်းကားက လူနည်းစုစီးတဲ့အရာတခုလိုဖြစ်နေပါတယ်
ဟိုနောက်ဖက်က ၀ါဝါ နီနီဆိုင်ကတော့ တရုတ် လမုန့် ပွဲနီးလို့  လမုန့် ရောင်းတဲ့ဆိုင်တွေပဲဖြစ်ပါတယ်
ဒီလိုနဲ့  ဟိုဒီကြည့်ရင်း မြို့ ရဲ့  ဗဟိုချက်နေရာဖြစ်တဲ့ မြို့ လယ်ကိုပြန်ရောက်လာပါတယ်
သမ္မတအိမ်တော်ကို ရောက်ပါတယ် ဒီနေရာကတော့ ပထမဦးဆုံးနေ့ သွားခဲ့တဲ့ စာတိုက်ကြီးရယ် ခရစ်ယာန်ကျောင်းရှိတဲ့နားရယ်နဲ့  အတော်နီးပါတယ် မြို့ ရဲ့  အထင်ကရနေရာတခုလို့  ဆိုရပါမယ်
ဗီယက်နမ်နိုင်ငံမှာ ဆိုင်ဘုတ်ကြီးတွေထောင်ပီး ကူညီပါရစေ လို့  ပြူး၂ကြီးရေးမထားပါဘူး
ဒါပေမယ့် မြို့ ရဲ့  အဓိက ဧည့်လာများတဲ့နေရာတွေများ ပုံထဲကလို အစိမ်းခေါ်မလား ၀မ်းဆက်ဝတ်ထားတဲ့ လူငယ်လေးတွေက လမ်းမသိတဲ့သူတွေ လမ်းပျောက်နေတဲ့သူတွေကို လမ်းညွှန်ပေးပီး သက်ကြီးရွယ်အိုတွေ ကားလမ်းကူးတဲ့နေရာ အခက်အခဲဖြစ်တာ စတဲ့ အကူအညီလိုအပ်တဲ့ကိတ်စလေးတွေများ ခရီးသွားတွေ အခက်အခဲမရှိရလေအောင် လက်တွေ့  ကူညီပေးနေတာကို မျက်မြင်တွေ့ ခဲ့ရပါတယ် သူတို့ တွေကို ခေါ်တဲ့နာမည်ကို ဂိုက်ကပြောပြသော်လည်း မင်းတမီးအကြီးက အသက်ရလာတော့ မေ့သွားပါတယ် ဒါပေမယ့် အဓိပ္ပါယ်ကတော့ စေတနာ့ဝန်ထမ်း အကူအညီပေးသူတွေဖြစ်ပါတယ် ပိုက်ဆံ တပြားသားမှ ပေးစရာမလိုပါဘူး တကယ့်ကို ကူညီတဲ့သူတွေပါ
သမ္မတအိမ်တော်ကနေ ဗီယက်နမ်ရဲ့  အထင်ကရနေရာတခုဖြစ်တဲ့
CHO BEN THANH ဈေးကြီးကို ဆက်လက်ချီတက်လာကြပါတယ် မြင်းစီးရုပ်ကြီးရှေ့ က နာရီစင်နဲ့  အဆောက်အဦးက လေးထောင့်ပုံနာမည်ကျော်ဈေးကြီးပါပဲ
ဒီဈေးကြီးရဲ့  အပြင်ပတ်လည်ကို ည ၇ နာရီနောက်ပိုင်းရောက်တာနဲ့  ကားလမ်းကိုပိတ်ပီး ညဈေးအဖြစ်ဖွင့်တာပါ နေ့ ခင်းဆိုရင်တော့ အတွင်းဈေးကြီးပဲဖွင့်ပီး အပြင်က ကားလမ်းဖြစ်ပါတယ်
ပြည်ပခရီးသည်တွေအတွက် ပစ္စည်းမျိုးစုံရတဲ့ နာမည်ကျော်ဈေးကြီးပါ
မြန်မာမှာဆိုရင် ဗိုလ်ချုပ်အောင်ဆန်းဈေးနဲ့  တူတယ်လို့  ဆိုကြပါစို့ 
လက်ဆောင်ပစ္စည်းအဓိကရောင်းတဲ့ဆိုင်တွေပိုများပါတယ်
ဗီယက်နမ်ရိုးရာ နောက်ကျောပေးအလှ ဗီယက်နမ်မလေးတွေပါတဲ့ ရိုးရာလက်ဆောင်အိပ်ကလေးတွေပါ
လက်ဆောင်ပေးဖို့ လား ၀ယ်ခဲ့ပါတယ် ဗီယက်နမ်မလေးတွေများ၂ပါတဲ့ အလယ်က အနီရောင်အိပ်ကလေးရယ် အပေါ်က နီညိုရောင်အိပ်ကလေးရယ် (မျက်စေ့ထဲ အနီရောင်တွေပဲမြင်တာလှလို့ ပါ) ဈေးလား ဆစ်ရပါတယ် အတော်ဆစ်ရပါတယ် :P
လက်မှုအနုပညာအရောင်းဆိုင်ပါ စောနကကြည့်ခဲ့တဲ့ ဘဲဥခွံပန်းချီပုံစံတွေပါပဲ ဒီမှာက ဈေးနည်း၂သက်သာသလိုပါပဲ အတုလား အစစ်လားတော့ မသိပါဘူး စားသောက်စရာဆိုင်တွေ နာမည်ကျော် ဗီယက်နမ်ကော်ဖီမှုန့် ဆိုင်တွေ ပင်လယ်ထွက်ပစ္စည်းအရောင်းဆိုင်တွေ ဦးထုပ်လှလှလေးတွေရောင်းတဲ့ဆိုင်တွေ အကျီလှလှနဲ့  ရှပ်အကျီအရောင်းဆိုင်တွေအပြင် တခြားပစ္စည်းမျိုးစုံဆိုင်တွေလည်း စုံလို့ ပါပဲ အချိန်ကို ၃နာရီဈေးပတ်ဖို့  ပေးပါတယ်
အမျိုးသမီးအတော်များ၂ဟာ ဈေးဝယ်ဖို့  ပတ်ဖို့ ဆိုရင် နာရီ ၃၀ ပေးတောင် မလောက်ပါဘူး :P :P
မွေးသမိခင်ကြီးမှာတဲ့ ဗီယက်နမ်ရိုးရာ ခမောက်လှလှရှာပုံတော်ဖွင့်ပါတယ် ဈေးအတော်ကြီးပါတယ် ဆစ်လည်းမရ ဘာမရနဲ့  နောက်ဆုံး ဈေးရဲ့  အတွင်းဖက်ရဲ့  အပြင်ဖက်တန်းမှာ ကန်ပဏီတခုကဖွင့်တဲ့ သက်သာဆိုင်လို ပုံစံမျိုးဆိုင်မှာကြမှပဲ ဈေးပုံမှန်ကပ်ထားတာတွေ့ ပါတယ် တခုကို US$ ၄ ဒေါ်လာတိတိပေးရပါတယ် အမှတ်တယအနေနဲ့ ရယ် မိခင်ကြီးက ဈေးသွား၂ရင် အနီးအနားသွားရင် ခမောက်ကလေးဆောင်းသွားတာ စတိုင်တခုပါ အရင်ကဆို ဖခင်ကြီး ကောလင်းဖက်အလုပ် လုပ်တော့ ကောလင်းက ခမောက်လှ၂လေးဝယ်ထားတာလည်း ဟောင်းသွားလို့  တရုတ်ပြည်သွားတုန်းက ခပ်လှ၂ ခမောက်ကလေးထပ်ဝယ်ပေးထားပါတယ် ခုလည်း လက်ဆောင်ဘာယူမလဲမေးတော့ ဗီယက်နမ်ခမောက်လို့ ပဲဆိုပါတယ် ဒီတော့ အသည်းအသန်ရှာဝယ်ရပါတယ်
မင်းတမီးအလတ်မလေးကတော့ စတိုင်ကျကျ ခပ်လှလှ လူငယ်စတိုင် ဦးထုပ်ဆိုင်မှာပဲဝယ်ပါတယ်
မင်းတမီးအကြီးကတော့ မုန့် လင်မယားအိုးတွေ့ တော့ ၀မ်းသာအားရ၀ယ်မယ်ဆို ဈေးဆစ်ပါတယ် ဆစ်လည်းပီးရော ကလေးနှစ်ယောက်က ဘာလုပ်ဖို့ လဲ မ၀ယ်နဲ့ လို့  ကန့် ကွက်ပါတယ်
ဒီတော့ နောက်ဆံတငင်၂နဲ့  မုန့် လင်မယားအိုးကို သမင်လည်ပြန်ကြည့်ရင်းနဲ့  ပြန်ထွက်လာပါတယ်
နောက်တော့ လက်ဆောင်ပေးဖို့ ရယ် ဖခင်ကြီးအတွက်ရယ် အနံ့ မွှေး၂ ကော်ဖီမှုန့် ထုတ်ဝယ်ပါတယ် အပြင်ဖက်တန်းရော အတွင်းဖက်မှာပါ ဈေးကို ခြေကန်ဆစ်ပီး ၀ယ်ပါတယ်
ဝယ်ရင်း ပတ်ရင်းနဲ့  အချိန် ၃ နာရီက ခပ်မြန်၂ကုန်သွားပါတယ် ဒီတော့ ကားကိုခဏစောင့်ခိုင်းပီး အဓိက လက်ဆောင်ဝယ်ဖို့ ကျန်တာ အပြေးအလွှားဝယ်ရပါတယ် ကားပေါ်ရောက်တော့ ခရီးဆက်ပါတယ်
ဗီယက်နမ်ရဲ့  ရိုးရာ နာမည်ကျော် Water Puppet Show ပြပွဲပါ
ကိုရွှေဂိုက်က ဒါ သူတို့ နိုင်ငံမှာပဲရှိတယ် ဘယ်လိုလုပ်တာလည်းဆိုတာ တကယ့် စီးကရက်ပါတဲ့ သိပ်ကောင်းပါတယ် ဆိုပီး အတော်ညွှန်းပါတယ် ရောက်တာနဲ့ သူပဲ လက်မှတ်ဝယ်ပေးပါတယ်
မင်းတမီး ၃ယောက်က Theatre ရှေ့ က ပြူးတူးပြဲတဲအရုပ်ကြီးတွေနဲ့  ကြော်ငြာရိုက်ပါတယ်
ကဲ တွေ့ ပီလား ရှေ့ ပိုင်းက ဗီယက်နမ်မလေးတွေရဲ့ အလှ ဒီစတိုင်က ဟိုချီမင်းစတိုင်ထက် ဟနွိုင်းစတိုင်ဖြစ်ဖို့ များပါတယ် မျက်နှာကျောတွေကတော့ ကိုယ့်ထက်တောင် တင်းသေး :P
ငယ်တော့ အသားအရေတင်းတင်းရင်းရင်းရှိတာပြောပါတယ်
လှေကားထစ်ပုံစံ အတွင်းဖက် Theatre မှာ လူအပြည့်ပါပဲ ဒါက တခြမ်းပဲရိုက်ထားတာပါ ဟိုဖက်မှာ တခြမ်းရှိပါသေးတယ် အဲ့ဒီ Show ပွဲမှာ သင်ခန်းစာယူစရာလေးတခု ကိုယ်တွေ့ ကြုံလိုက်ပါတယ်
လက်မှတ်ဝယ်ပီး အထဲကိုဝင်တော့ စော၂က ဗီယက်နမ်မလေးတွေက လက်မှတ်ကိုစစ်ပီး သိပ်မချောတဲ့ အမည်းရောင်ဝတ်ထားတဲ့ ဗီယက်နမ်ကောင်လေး၂ယောက်က လိုက်ပို့ ပါတယ် သက်ဆိုင်ရာထိုင်ခုံတွေမှာ
မင်းတမီး၃ယောက်ရဲ့  ဒါရိုက်တာကတော့ ဗီယက်နမ်မလေးတွေကို တတွတ်၂နဲ့  ဘာတွေသွားပြောလဲမသိပါဘူး တော်၂လေးပြောအပီးမှာ သူကိုယ်တိုင် အထဲဝင်ပီး လိုက်ပို့ ပါတယ်
နေရာကတော့ ငါးမူးတန်းကပါ ဒါပေမယ့် အားမငယ်ပါဘူး ကိုယ့်ရှေ့ မှာ ပလတ်စတစ်ထိုင်ခုံ အသေးလေးတွေချထားတဲ့ တမတ်တန်းရှိပါသေးတယ် ကိုရွှေဂိုက်မှ ဒီမှာထိုင်ဆိုပီး သေ၂ချာ၂ပြောခဲ့ပါတယ် ပီးသူက နောက်ဖက်ခဏတက်သွားပါတယ် ကိုယ်တွေက နောက်လှည့်ကြည့်ပီး စိတ်ထဲမှာ ဟင် ငါတို့ နောက်ဖက်ဆိုရင် ကောင်းမှာပဲလို့  ခဏလေးတွေးမိလိုက်ပီး ချက်ချင်းပဲ ၃ယောက်သား
ရှေ့ ဆုံးဆိုတော့ အနီးကပ်သေချာမြင်ရတာပေါ့ဟာ သူက တမင်စေတနာနဲ့ ရှေ့ ထားတာပါလို့  ပြန်ပီး အကောင်းမြင်တွေးလိုက်ပါတယ် (တကယ်က အကောင်းမြင်ဝါဒီတွေလည်းမဟုတ်ပါဘူး) ကိုယ်က ကွန်ပလိန့် တက်ရင် သူ့ အတွက် အခက်အခဲဖြစ်မှာကို မလိုလားတဲ့ ကောင်းတဲ့စေတနာဓါတ်ခံလေးလည်း ရှိနေလို့ ပါ ခဏနေတော့ ပြန်ဆင်းလာပီး ကလေးများစိတ်မချလို့ မှာသလို ဒီမှာထိုင်နေနော်ဆို ထပ်မှာပါတယ် ပီးသူက ထွက်သွားပါတယ် အဲ့အချိန် လူတွေက တဖွဲ၂၀င်လာပါတယ် ကိုယ့် ရှေ့ က တမတ်တန်းမှာ ဟောင်ကောင်က အဖွဲ့ တဖွဲ့ လာထိုင်ပါတယ် အဲ့ တမတ်တန်းရဲ့  ဟိုဖက်ဘေးမှာ အဖြူ၂ယောက်လာထိုင်ပါတယ် သူတို့ ဘေးမှာတော့ စင်ကာပူရီယမ်း အတွဲတတွဲကို သူ့ ဂိုက်က နေရာချထားပေး ပါတယ် အဲ့မှာ ပြဿနာက စပါတယ် :P (တကယ်က သူတို့ ဂိုက်က အရပ်ရှည်၂ဖြူ၂ချော၂လေးပါ)
သူတို့ တမတ်တန်းထိုင်ရတာ ပြောင်းဖူးရိုးနဲ့ ထုခံရမှာစိုးလို့  မထိုင်ချင်ကြောင်း ကွန်ပလိန့် တက်ပါတယ်
ဂိုက်ကောင်လေးကလည်း နောက်တန်းမှာ ပြောင်းဖူးဘယ်သူမှမစားလို့  စိုးရိမ်စရာမရှိကြောင်း အကြောက်အကန် ရှင်းပြပါတယ် သူတို့ နှစ်ယောက်ကတော့ ပြိုတဲ့မဲ့မိုးတိမ်များလို မည်းမှောင်ပီး မကျေမနပ်နဲ့  ပြောဆိုနေကြပါတယ် (အဲ့အချိန် မင်းတမီး၃ယောက်လုံး သက်ပြင်းကိုယ်စီချလို့  တော်သေး ငတို့ အဲ့လိုလူမျိုးတွေနဲ့  တခရီးတည်းမသွားဖြစ်တာဆိုပီး ပြောမိပါတယ်) ဂိုက်ကလေးလည်းထွက်သွားရော
ပြိုတဲ့မဲ့ မိုးတိမ်တိုက်၂ခု ဟိုးအနောက်ဖက်အမြင့်ဆီ လေမတိုက်ပါပဲ ကိုယ့်သဘောနဲ့ ကိုယ် လွှင့်သွားပါတယ် လူတွေက ၀င်လို့ မဆုံးပါဘူး ခဏနေတော့ နေရာချထားပေးတဲ့ ဗီယက်နမ်၂ယောက် ပြာယာခပ်သွားပါတယ် ခပ်ပီပေါ့ ဟို မည်းမှောင်နေတဲ့ မိုးတိမ်က ရွာချလိုက်တာကိုး ဟိဟိ
သူ့ တို့ ဂိုက်ကိုသွားခေါ် ပီးရှင်းကြလင်းကြနဲ့  ဂိုက်က သူ့ ပြိုကျနေတဲ့ မိုးတိမ်မည်းတွေပြန်ခေါ်ပီး  တမတ်တန်းမှာ နေရာပြန်ချပီး သူတို့ ရှေ့  ဆောင်ကြောင့်လေးထိုင်ပီး ဇီးရွက်လောက်မျက်နှာလေးနဲ့ 
 တောင်းပန်နေတာ မြင်ရတာနဲ့ ကို အတော်စိတ်မကောင်းပါဘူး တစက်ကလေးမှ မျက်နှာမပျက်ပဲ
ပြုံး၂လေးနဲ့ ကို ချော့မော့ပြောနေတာကို မြင်ရတော့ အတော်ချီးကျူးမိပါတယ် တကယ်ဆို ၁နာရီတောင်မပြည့်တဲ့ ပြပွဲအချိန်လေးမှာ ရတဲ့နေရာလေးမှာ သည်းခံပီး ပျော်၂ရွှင်၂ကြည့်မယ်ဆို ဘယ်လောက်ပျော်စရာကောင်းလိုက်မလဲ ကိုယ့်လုပ်ရပ်ကြောင့် သူများလည်း စိတ်မချမ်းသာရ ကိုယ်တိုင်လည်း စိတ်မချမ်းသာရတဲ့ အဖြစ်မျိုးပါ (စင်ကာပူရီယမ်းတွေ ကွန်ပလိန့် အတော်တက်တာဆိုတာ ဒီတခုနဲ့ တင် အတော်လုံလောက်သွားပါပီ ဒါလည်း သွားအပြစ်မြင်ရင် မြင်တဲ့သူအမှားဖြစ်ရပါတယ် ဘာလို့  လည်းဆို သူတို့ ဘ၀က အဖက်ဖက်ကပြည့်စုံစွာနဲ့ မွေးဖွားကြီးပြင်းလာရတဲ့သူတွေဖြစ်နေတာကိုး ရွှေဇွန်းကိုက်မွေးတယ်ဆိုတာ သူတို့ မှအစစ်) :P
သူတို့ ဇာတ်လမ်းလည်း ရင်မောစွာ ကြည့်အပီး ပြပွဲလည်းစချိန်ရောက်ပါပီ
ရေထဲက ရုပ်သေးရုပ်လေးတွေလို့ ပြောရမလား တုတ်ထိုးရုပ်လေးတွေလို့ ပြောရမလား ခုလို ဇာတ်စင်ကြီးရှေ့ က ရေတွေထဲမှာ အရုပ်ကလေးတွေနဲ့ 
ဒီလို ဇာတ်စင်ရဲ့ ဘေးမှာ တူရိယာတွေတီးမှုတ် ပီး သူတို့ ကိုယ်တိုင် အသံနဲ့  သရုပ်ဖော်ကြပါတယ်
ဇာတ်စင်ရဲ့ တဖက်တချက်စီမှာ တီးမှုတ်ဖျော်ဖြေတဲ့သူတွေ
ပြကွက်တွေက အတော်စုံလင်ပါတယ် ဒါက လယ်ထွန်နေတဲ့ လယ်သမားတွေပြကွက် တကယ့်ကို သဘာဝကျပီး သရုပ်ဖော်တာ အတော်ပီပြင်ပါတယ် ပြပွဲစာရွက်ပြန်ရှာပီးမှ ဘာပြကွက်တွေဆိုတာ ပြန်တင်ပေးပါ့မယ် :P
ဒါကတော့ မြို့ ကနေ စာမေးပွဲအောင်ပီးပြန်လာတဲ့ မောင်ကျောင်းသား ပြကွက်ထင်ပါတယ်
ဒီပြကွက်လေးကိုလည်းပြရော သဘောကျလွန်းလို့  ရီလိုက်ရတာ ငါးဖမ်းသများဦးကြီးက လှေထိပ်မှာ ဆေးလိပ်သောက်တာ အငွေ့ တွေတောင် တထောင်း၂နဲ့  ပြကွက်တွေအားလုံးကို တပြုံး၂နဲ့  ကြည့်ရတာ အတော် စိတ်ကြည်လင်ပီး ပျော်စရာကောင်းပါတယ် သူတို့ ဘယ်လိုများလုပ်နေလဲဆိုတာ အတော်ခန့်  မှန်းရခက်ပါတယ် မင်းတမီးပေါက်စနလေးကတော့ ဟိုဇတ်စင်နောက်ကနေ လူတွေကလုပ်ပေးတာတဲ့ အသက်က စကားပြောတော့ မင်းတမီးအကြီးမယ် ဘယ်လိုမှ မမြင်ပါဘူး  နဂါးအကဆိုလည်း ပါးစပ်ထဲက မီးတွေဘာတွေ ထတောက်တာတို့  ကောက်စိုက်ပြကွက်ဆို အမယ် မိုးပေါ်ကနေ မိုးတွေရွာချတာတို့  ကောက်ပင်ကလေးတွေ ဇတ်ကနဲ ပေါက်လာတာတို့  အတော် သဘောကျစရာကောင်းတယ်
ဒီ ဇာမဏီငှက်ကလေးပြကွက်ဆို ၂ကောင်ကရင်းနဲ့  ကောင်ပေါက်စနလေး ဘယ်ကရောက်လာပါလိမ့်ဆို ပြန်မေးရသေးတယ် ကလေး၂ယောက်က ဟင် ဥကပေါက်တာလေ ဆိုတော့ ဟဲ့ ဥက ဘယ်ကထွက်လာတာလဲဆိုပီး ထပ်မေးရသေးတယ် မေးရဆို ကိုယ့်မယ် ဇာတ်စင်နဲ့ အနီးဆုံး ငါးမူးတန်းက ထိုင်ပီး အိုင်ဖုန်းကြီးနဲ့  အားပါးတရ လက်ကြီးမြောက်ပီး ဗွီဒီယိုရိုက်တာလေ ဒီတော့ အပြင်က မြင်ကွင်းအကြီး၂ကို ကိုယ့်မယ် ကိုယ့်ဒုက္ခနဲ့ ကိုယ် ဖုန်းထဲကနေ ပြန်ကြည့်ရတယ် လက်ကြီးလည်းညောင်းလိုက်တာဆို ပြောမနေနဲ့  အိမ်ရောက်မှ ကွန်ပျူတာထဲထည့်ပြန်ကြည့်မှ အော် ငှက်၂ကောင် ကစ်ပေးလိုက်ပီး ရေအောက်ခဏ၀ပ်လိုက်ပီး ပြန်ပေါ်လာတော့ ဥဖြူ၂လေး ပလောက်ဆိုတက်လာရော အဲ့ဒါလေးကို ပြန်ဝပ်တော့ ဖျပ်ကနဲ ကောင်ပေါက်စနလေးထွက်လာရော
ဟိဟိ သဘောကျလို့ ပြန်ကြည့်လိုက် ရီလိုက်နဲ့ 
ပြကွက်တွေက အစုံပဲ ၁၂ မျိုးလား ၁၅ မျိုးလားပဲ ဒါက နတ်သမီးလေးတွေပြကွက် နောက်ဆုံးပြကွက်လေး ချစ်စရာအတော်ကောင်းတယ် ပြကွက်တိုင်းမယ် ဘေး၂ဖက်က တီးမှုတ် သီဆို ပြောဆိုပီး အသံနဲ့  အရုပ် တထပ်တည်းကျအောင်ဖျော်ဖြေကြတာကိုကလည်း တကယ့် ပညာသားပါကြတယ်
လူတိုင်းသဘောကျလို့  တပြုံး၂နဲ့  လက်ခုပ်တွေတီးလိုက်ကြတာ တဝေါ၂နဲ့ ပဲ
ကိုရွှေဂိုက်ကလည်း အပေါက်ဝနားကနေ ကိုယ်တွေကို စိတ်မချလို့ ရပ်စောင့်နေလေရဲ့ 
ကဲ အရုပ်ကလေးတွေကို အသက်ဝင်အောင် ဖျော်ဖြေကြတဲ့ အနုပညာရှင်တွေ ချီးကျူးမိသလို သနားမိတယ် သူတို့ မယ် ရေစိုတပိုင်းကြီးဖျော်ဖြေကြရတာ အားလုံးပီးတော့မှ သူတို့ က ဇာတ်စင်လေးနောက်ကနေ  အသီးသီးထွက်လာပီး ပရိတ်သတ်ကို ဂါရ၀ပြုကြတာ
ရိုက်လာတဲ့ ဗီဒီယိုတွေတင်တာ ၃ကြိမ်လောက်တင်တာကို မရဘူး ဒါနဲ့  ယူကျု့ ကနေ ရှာတင်ပေးလိုက်ပါတယ် စိတ်ဝင်စားသူများကြည့်ရှု အားပေးနိုင်ကြပါတယ်


အခုတင်တဲ့ ပြကွက်ဆို သဘာဝကျပီး သဘောကျလို့ ရီလိုက်ရတာ တသောသောနဲ့ 
အားလုံးပီးတော့ အပြင်ထွက်ရော မိုးတွေဆို သည်းလိုက်တာ ၀ုန်းဒိုင်းကြဲလို့  ထီးတွေယူပီး အနားပေးထားတော့ ကားဆရာကိုလှမ်းခေါ်ပီး ပြပွဲအပေါက်ရှေ့ ထိလာကြိုခိုင်း လူတွေလည်းအတော်ပြိုင်းလို့  ညစာ စားချိန်လည်းရောက်ပီ ဒီတော့
Saigon 3 ကို ရောက်ပါတယ် ဆိုင်ထဲကဧည့်ကြိုလေးက ထီးနဲ့ ကားရှေ့ ထိလာကြိုပေးတော့ မိုးမစိုကြပါဘူး
စာထဲမှာတော့ ဖလုပ်ပင်းစားသောက်ဆိုင်မှာကျွေးမယ်ရေးထားတာ အခုမိုးတွေသည်းပီး လမ်းပေါ်ရေတွေများစွာနဲ့ ဆိုင်မလို့  ရေပေါ်စားသောက်ဆိုင်လို့  ဆိုလေသလားလို့ တောင် တွေးမိသေး
ဟိုရောက်တော့ ထုံးစံအတိုင်း ဂိုက်က အသားမစားတဲ့သူက ဘယ်သူဆိုတာ စားပွဲထိုးကိုပြော ကိုယ်တွေက နှုတ်ဆက်ညနေစာအဖြစ် တူတူစားဖို့ ပြောတော့ သူကလေ သူက သယ်ရင်းနဲ့ တူတူစားမှာတဲ့ :(
ဒါနဲ့  သူထွက်သွားပီး စားတဲ့နေရာ အသာကလေးလှမ်းကြည့်တော့ လားလား မောင်မင်းကြီးသားက သူ့  ချစ်ချစ် ဂိုက်ကောင်မလေးချောချောနဲ့  စကားလက်ဆုံ စားလက်ဆုံကြနေတာကိုး :P
တရုတ်ဆိုင် ဖြစ်ဖို့ များတယ် ဒီဖက်က ခပ်စိမ်းစိမ်းရယ် အသီးအရွက်စုံကြော်ရယ် အသားတုနဲ့ စိမ်း၂ဟင်းချိုရယ် ထမင်းရယ် ရေနွေးရယ်က သတ်သပ်လွတ်မင်းတမီးပေါက်စနအတွက် ကျန်တဲ့ ငါးကောင်လုံးပေါင်း ကြက်ချိုချဉ်ကြော် မဲမဲအရည်က ဆေးနဲ့  ၀က်သားပေါင်း (စားလို့ သောက်လို့ အတော်ကောင်းတယ်)

အစိမ်းကြော်ရယ် ခပ်ညို၂က ခရမ်းသီးကို ၀က်သားစင်းကောနဲ့ ကြော်ထားတာ ဒါလည်းစားကောင်းတာပဲ  တို့ ဖူးဖြူကို တုံ့ ယမ်းပဲငါးပိရယ် ပင်လယ်စာရယ်နဲ့ ရောကြော်ထားတာလည်း စားကောင်းတယ် ဒါတွေက အသားစား ဘီလူး အဲ မင်းတမီး၂ယောက်အတွက် စားသောက်ပီးတော့ ထုံးစံအတိုင်း အချိုပွဲ နာနတ်သီးလာချပေးတာကိုစားပီးသကာလ နက်ဖြန်နေ့ လည် ၁၂ နာရီမထိုးခင် ဟိုတယ်က Check Out လုပ်ထား သူ လာခေါ်ပီး လိန်ပျံကွင်းကိုလိုက်ပို့ ပေးမယ် မနက်ပိုင်းကတော့ Free and Easy ကြိုက်ရာစား ကြိုက်ရာသွားနိုင်ပါကြောင်း ရှင်းပြပီး ပင်ပန်းပြည့်အင့်နေတဲ့ မင်းတမီး၃ယောက်ကို နားနေအိပ်စက်ဖို့  ဟိုတယ်ကို ပြန်ပို့ ပေးပါတယ်
ဒီညလေးကတော့ ဗီယက်နမ်နိုင်ငံ ဟိုချီမင်းမြို့ ကိုရောက်တဲ့ တတိယညလေး ဖြစ်ပါတယ်
နောက်တပိုင်းဆိုရင် ၃ ညအိပ် လေးရက်ခရီးရဲ့  နိဂုံးပိုင်းဖြစ်မယ်ဆိုတဲ့အကြောင်း မိတ်ဆွေအပေါင်းကို
သတင်းကောင်းပါရင်း



3 comments:

  1. ပျော်စရာကြီးရယ်... ဈေးဝယ်ရတာ အကြိုက်ဆုံးဘဲ... အစားအသောက်တွေဒီတခေါက် အကျဉ်းချုံးတင်ထားရတယ်... ဒါတောင်ငါ့ညီမလေး စိတ်ရှည်ရှည်နဲ့ အသေးစိတ်ရေးထားတာနော်...း)))

    ReplyDelete
  2. ဟုတ်တယ် မမနော် ပီးခါနီ်းအောင် အတင်းအတိုချုံ့ ပီးတင်လိုက်တာ :P

    ReplyDelete
  3. This comment has been removed by the author.

    ReplyDelete