Thursday, December 20, 2012

December မနက်ခင်း

December မနက်ခင်း
နှင်းဝေးတဲ့ဆောင်းရဲ့ 
မိုးရွာပီးစ မနက်ခင်းတခုမှာ
ယုဇနပန်းရနံ့ တွေက လတ်ဆတ်လို့ 

December မနက်ခင်း
နှင်းဝေးတဲ့ဆောင်းရဲ့ 
သောကြာမနက်ခင်းတခုမှာ
ယုဇနပန်းရနံ့ တွေ လတ်ဆတ်ဖို့ 
မျှော်လင့်မိတယ်

December မနက်ခင်း
နှင်းဝေတဲ့ဆောင်းရဲ့ 
ခရစ်စမတ်မနက်ခင်းတခုမှာ
နှင်းရနံ့ တွေ လတ်ဆတ်ဖို့  
ကြိုတင်ရင်ခုန်မိတယ်

December မနက်ခင်း
မာယာတွေကင်းလို့  
ကမ္ဘာအရပ်ရပ်က စစ်ပွဲတွေကင်းလို့ 
လတ်ဆတ်တဲ့ ပန်းရနံ့ တွေ နှင်းရနံ့ တွေရဖို့ 
ဆုတောင်းမိတယ်

December မနက်ခင်း
Happy Christmas 
Merry Christmas
ဆိုပီး အားလုံးကို ဆုတောင်းပေးချင်တယ်


Wednesday, December 12, 2012

12:12:12

12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
ပိုပီးထူးတာက ဒီနေ့  နေသာတယ်
အရာအားလုံးက ပုံမှန်လှုပ်ရှားနေတယ်
အရင်နေ့ တွေလိုပဲ အလုပ်ထဲမှာ အလုပ်လုပ်နေရတာပါပဲ
တချို့ ကတော့ ထူးထူးခြားခြားနေ့ တဲ့
ကိုယ့်အဖို့ ကတော့ သာမန်ပါပဲ
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
စပါယ်ရှယ်နေ့ ကလေးနော်လို့ ပြောမိတယ်
အရာအားလုံးက ပုံမှန်ပါပဲလို့  သူကပြန်ပြောတယ်
ပြီးတော့ သူက ပြုံးပြုံးလေးနဲ့ ထပ်ပြောပြန်သေးတယ် 
မင်းအတွက်တော့ နေ့ တိုင်းက ထူးခြားတဲ့ စပါယ်ရှယ်နေ့ တွေပါပဲတဲ့
ဘာလို့ လဲဆိုတော့ နေ့ တိုင်းပဲ မင်းကိုငါက ချစ်တာ
ကဲ မပြောဘူးလား တချို့ တွေအတွက်ပဲထူးတာ
ကိုယ့်အဖို့ ကတော့ အရင်လိုပဲ ပုံမှန်ပါပဲ
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12
ဒီနေ့ က မနေ့ ကလိုပါပဲ
ထူးခြားတဲ့နေ့ ကလေးမှာ ထူးခြားတဲ့အစီအစဉ်လေးရှိလားဆိုတော့
အို မင်းအတွက်တော့ ကိုယ့်ရဲ့ အနမ်းတပွင့်ပေါ့တဲ့
ဟင် ဒါဆို အရင်အတိုင်းပဲပေါ့ဆိုတော့
ဟုတ်တယ်လေ ကိုယ်ဟာ 
မင်းအတွက်ဆို အရင်လိုပဲ
အမြဲတမ်းချစ်နေတာတဲ့
ကဲ မပြောဘူးလား 
ဒီနေ့ က မနေ့ ကလိုပါပဲ
12:12:12

(12:12:12 မှာ ပုံလေးတင်ချင်သော်လည်း ပုံတင်မရတော့ပါလို့  ဘလော့ကပြောလို့  မတင်ဖြစ်တော့ဘူး
သေချာတာကတော့ ပုံလေးက အရင်လိုပဲ သာမန်ရိုးရိုးကလေးပဲဖြစ်မှာပါပဲ ဟုတ်တယ် အရင်လိုပဲ 
ဘာမှ သိပ်ပီး မထူးခြားတဲ့ ပုံလေးပဲဖြစ်ပါတယ်)

မိတ်ဆွေအားလုံးအတွက်လည်း 12:12:12 လေးမှာ ပျော်ရွှင်စရာတွေ ချမ်းမြေ့ ခြင်းတွေ
ချမ်းသာခြင်းတွေ ကျန်းမာခြင်းတွေနဲ့  ပြီးပြည့်စုံပီး ထူးခြားတဲ့ နေ့ လေးတွေပိုင်ဆိုင်ပါစေလို့  
ဘလော့ပိုင်ရှင်မှ အရင်လိုပဲ ဆုတောင်းမေတ္တာပို့ သလိုက်ပါတယ်

Wednesday, November 28, 2012

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း ( ၆ )

မြန်ပြည်ကြီးကို စကြာဝတေးမင်းကြီးကြွချီကောင်းချီးပေးတော့ မြန်ပြည်တခွင်တင်မက ကမ္ဘာတခွင် ဘလော့တခွင်လုံး အုံးအုံးကျက်ကျက်ဖြစ်နေတော့ အများကတို့ လူကလေးများဆိုသလေဆိုတော့ မရွှေဖဲတို့ လည်း ဝေလေလေ လုပ်လို့ ကောင်းတာပေါ့
တကယ်က စကြာဝတေးမင်းအရှိန်ကြီးတော့ မရွှေဖဲ ခရီးစဉ် ဘယ်သူမှ စိတ်မ၀င်စားမှာစိုးလို့  :P :P
ကဲ အခုစလို့  မြန်မာ့ပထ၀ီပြန်လည်လေ့လာခြင်း သင်ခန်းစာ ပြန်စမယ် 
နန့် ပန်ဈေးကနေ မရွှေဖဲတို့ ခရီးဆက်ပြန်ပါတယ်
ဒီတခါသွားမှာကတော့ အင်းလေးရဲ့ နာမည်ကြီး ကြာချည် ပိုးချည်ယက်လုပ်ရာနေရာကိုပါ

လာရောက်ကြည့်ရှုကြတဲ့ ဧည့်သည်လှေတွေ

ခေတ်ဆန်းယဉ်တဲ့ နာမည်ပေးထားပုံလေး မလှဘူးလား

ကြာချည်ထုတ်မယ့် ကြာရိုးတွေ

ဟောဒီလို ကြာချည်ကို စပီး ထုတ်တယ် ခဲတံချွန်ဒါးကလေးနဲ့  ကြာဆစ်ရိုးလေးတွေကိုဖြတ်ပီး ကြာမျှင်လေးတွေဆွဲထုတ်

ဟော ဆွဲထုတ်ထားတဲ့ကြာမျှင်လေးတွေပေါ်  နောက်ကြာမျှင်ကိုထပ်ပီးထား ဒါမှ ကြာချည် အရှည်ရမှာလေ

 စော၂က ထုတ်ထားတဲ့ကြာမျှင်တွေကို အခုလိုရစ်လုံးမှာ ချည်အဖြစ်ကျစ်အောင်လုပ်

အဆင့်ဆင့် ချည်အဖြစ်ရောက်တော့ အခုလို ယက်ကန်းခုံပေါ်တင်ပီး ကြာချည်အထည်တွေကို ယက်လုပ်

ဟောဒါက ကြာချည်နဲ့ ပိုးရောရာယက်တာ

ပိုးထည်တဘက်လေးတွေလည်း အခုလိုယက်တယ်

ပိုးထည်ယက်မယ့် ပိုးချည်လုံးလေးတွေ

ဟောဒါက နာမည်ကြီးအင်းလေးအဆင် ထမိန်ယက်လုပ်နေပုံ အဆင်အတွက် ချည်ကို တခါတည်း ဖောက်ထားပီးယက်တယ်

ဒီနေရာက ရေတိမ်တယ် ဟောဟိုက အင်းထဲကရွာလေးတွေနဲ့  ကြာပင်တွေ

ယက်ကန်းရုံကြီးက အကြီး၂  နှစ်ဆောင်တောင်ရှိတယ်

ဟောဒီက ကြာချည်ထုတ်ဖို့  စိုက်ထားတဲ့ကြာပင်တွေ စိမ်း၂စို၂

နားနားနေနေ နားချင်သပဆိုရင်လည်း ဟောဒီလို ယက်ကန်ရုံနဲ့  အထည်ဆိုင်ဘေး နားနေဆောင်မှာ နားနိုင်တယ်

မရွှေဖဲတို့ က ဈေးဝယ်ဖို့ စိတ်ဝင်စားတယ် ဒီတော့ ဆိုင်ထဲလျှောက်ကြည့်တယ် ဒါက အမျိုးသမီးဝတ် အထည်တွေ ဈေးတွေလည်း သင့်တင့်ပါတယ်

ဟောဒါက အမျိုးသားဝတ် ချည်ထည်လေးတွေ အဆင်လေးတွေက ရိုးရာဆင်လေးတွေများတယ်

ချည်ပွ တဖက်လေးတွေကလည်း အရောင်စုံ အသွေးစုံ

မရွှေပဲကိုင်ကြည့်နေတာက ပိုးထည်တဖက်လေးတွေ ဈေးကတော့ အတော်ကြီး

ပိုးထည် ချည်ထည် ချည်ပွထည် တဘက်တွေ

မြန်မာငွေ ၆သောင်းလောက်ဈေးနှုန်းရှိတဲ့ ကြာချည် တဖက်ထည် ဘ့  မရွှေဖဲမယ် လိုချင်တာတောင် ဈေးကြီးလွန်းလို့  ကိုင်ပဲကိုင်ကြည့်ခဲ့ရပါတယ်
တကယ်ဝယ်မယ်ဆိုရင် ကြာချည်ယက်ရလုပ်ရတာ မြင်ရခဲ့ပီမို့  တန်ပါတယ်လို့  ဖြေလို့ ရပေမယ့် မရွှေဖဲသာ ဒီကြာချည်တဖက်ပတ်လိုက်ရင်ဖြင့် မြင်သူအပေါင်းက ဂုံနီအိတ်အပိုင်းပတ်ထားတယ်လို့ အထင်တော်မှားလောက်တဲ့ ဥပဓိရုပ်နဲ့ အရပ်အမောင်းကြောင့် နှမလက်လျှော့နေလေရော့ဆို မ၀ယ်ခဲ့တာပါ
ဆိုင်ရှင်ကပြောပါတယ် ဒီတဖက်အပိုင်းလေးရဖို့ ကြာပင်ပေါင်း ၆သောင်းဆိုလား ဘာလား သေချာမမှတ်မိလို့ ပါ သူကတော့ သေချာရှင်းပြပါတယ်

ဟောဒါက ပိုးထည်လေးတွေပါ မိခင်ကြီးက သူ့ အတွက် မင်လာဆောင်ဝတ်ဖို့  ဒုတိယမြောက်က စိမ်းနုလေးကို ရွေးပါတယ် ဈေးကတော့ မြန်မာငွေ သုံးသောင်းလားမသိ သေချာမမှတ်မိဘူး
မိသားစုတွေ ဘယ်သွား၂ သူ့ ဒေသထွက် သူ့ ရိုးရာတွေကိုတော့ တယောက်တမျိုးဝယ်ကြတဲ့ အလေ့ရှိတယ်

မ၀ယ်ရတော့ ရိုက်တယ်ကွာဆိုပီး ရိုက်ခဲ့တဲ့ ကြာချည် တဖက်ကလေးတွေပါ အနီ အညိုနဲ့  အသားရောင်တွေရှိပါတယ် ဒေါ်လာနဲ့ လည်းဝယ်လို့ ရပါတယ်

ဟောဒါက ဒါ့ပုံမရိုက်ရဘူးလို့ ပြောလာတဲ့ ပိုးထည်ချိတ်အဆင်တွေပါ ဆောဒီးပါကွယ် မရွှေဖဲက လက်မြန်တယ် ဒီတော့ တပုံတော့ ရိုက်လိုက်မိတယ် 
ကဲ မရွှေဖဲတို့  မိသားစု ဆိုင်ထည်ဝင်ပီး အထည်တွေရွေးလိုက် ၀ယ်လိုက်နဲ့  ကြိုက်ရာဝယ်ပီးသကာလ နောက်တနေရာကို ခရီးဆက်ကြပြန်တယ် 
နောက်ခရီးကို မရွှေဖဲတို့  ဘယ်ကိုသွားမလဲဆိုတာ သည်းခံပီးစောင့်ကြည့်ပါဦးလို့  မေတ္တာရပ်ခံရင်
ဘလော့လာဖတ်သူ မိတ်ဆွေအပေါင်း ပျော်စရာ နိုဝင်ဘာလလေးဖြစ်ပါစေ

မှတ်ချက် -- ဒါနဲ့ မေ့သွားလို့  ကိုယ့်လိုလူများ အင်းထဲရောက်လို့  ဟိုဟိုဒီဒီရောက်သွားရင် E ကိတ်စဖြေရှင်းဖို့  နေရာခက်ရင် ဟောဒီက ဆိုင်မှာ အဆင့်အတန်းမှီ၂ အိမ်သာများရှိပါကြောင်း ရှိဆို သူကလည်း နိုင်ငံခြားသား ဧည့်သည်တွေလာကြည့်ကြတာကိုး မရွှေဖဲတို့ အကြိုက် မွန်းလိုက်တော့မဟုတ်ပါဘူး စပါယ်ရှယ်အိမ်သာပါ :P :P
ဆိုင်ရှင်ရေ အထည်လည်းကြော်ငြာပေးတယ် အိမ်သာလည်းကြော်ငြာပေးတယ်နော် :P :P


Friday, November 16, 2012

ခရီးစဉ် ၁ မြန်မာ့ပထ၀ီ ပြန်လည်လေ့လာခြင်း အပိုင်း (၅)


ဖောင်တော်ဦးဘုရားမှာ ဘုရားဖူး ဈေးဝယ် အင်းလေးဒေသ အစားအစာတွေစားပီးသကာလ
မရွှေဖဲတို့  ခရီးဆက်ထွက်ပါတယ်
ဘယ်ဆက်သွားမလဲ မရွှေဖဲ
နန့် ပန်ဈေးကို လှေနဲ့ ဆို

ရေပေါ်က လှေဈေးသည်လေးတွေ အဓိက နိုင်ငံခြားသားတွေအတွက် ရှေးဟောင်းပစ္စည်းတွေ ရောင်းတာပါ
စက်လှေနားကို အတင်းကပ်လာတာများ သူတို့ က ဘာမှမဖြစ်ပဲ ကိုယ်တွေက သူတို့ လှေတော့ မှောက်ပီလို့ ကို ထင်လိုက်တာပါ လှေလှော်ကျွမ်းကျင်ကြပါတယ်
 
တကယ်က အင်းလေးဒေသမှာ ရေပေါ်ဈေးဆိုဖြင့် သေ၂ချာ၂ ဒေသထွက်ကုန်ရော
 ဒေသထွက်အစားအစာတွေရော လက်ဆောင်ပစ္စည်းတွေပါ သေ၂ချာ၂ လုပ်မယ်ဆိုရင် ပိုစိတ်ဝင်စားစရာ ကောင်းပီး ကမ္ဘာလှည့်ခရီးသည်တွေကို ဆွဲဆောင်နိုင်မှာပါ 
ဗီယက်နမ်မှာတောင် ဘာမှမဟုတ်ပဲ မြောင်းထဲလှေတပတ်လှော်ပီး ၀င်ငွေရှာသေးတာ လုပ်စားတတ်ရင် မြန်မာပြည်မှာ စိတ်ဝင်စားစရာနေရာတွေများကြီးပါ ခက်တာက လက်တွေ့ အကောင်အထည်ဖော်ဖို့  ခက်နေကြတာပါပဲ

နန့် ပန်ဈေးနေ့ ဖြစ်လို့  ဈေးနားမှာ အခုလို စက်လှေတွေအပြည့်ပါ အင်းလေးဒေသရော တချို့ အညာဒေသတွေမှာ ဈေးက နေ့ စဉ်မရှိပါဘူး သူ့ ဈေးနေ့ နဲ့ သူရှိကြတာပါ
ဒီတော့ ဈေးနေ့ ဆို တရွာကနေ တရွာဈေးဝယ်လာကြ၀ယ်ကြခြမ်းကြ ကိုယ့်ရောင်းစရာပါ ရောင်းကြနဲ့ 

ဈေးဝယ်လှေနဲ့  ဈေးဝယ်ပီး ပြန်တဲ့လှေကလေးတွေပါ သူတို့ တော့မသိဘူး ရေကြောက်တဲ့မရွှေဖဲတောင် ကြည့်ပီး ပျော်တယ်

ဈေးအ၀င်မှာ အခုလို ရှေးဟောင်းရိုးရာပစ္စည်းတွေရောင်းပါတယ်
ရွှေချိန်ခွင်နဲ့ ရှမ်းရိုးရာ ချိန်ခွင်ပုံစံတွေပါ

စဥ့်အိုး မြေအိုးသည်တွေလည်းရှိတယ်

ဒီလိုမျိုး ဘုရားရုပ်ပွားတော်တွေရော ရှေးဟောင်းပုံစံ မျက်နှာပုံတော်တွေကော ကြိုးဆွဲရုပ်တွေကော 
အသည်မျိုးစုံရှိပါတယ် ရှေးဟောင်းပုံစံလို့ ပြောရတာက တချို့ က တကယ့်ရှေးဟောင်းအစစ်ဖြစ်သလို တချို့ က အဟောင်းနဲ့ တူတောင် တုထားတဲ့ တုတုလေးတွေပါ

ပအိုဝ့်မကြီးတွေ ပအိုဝ့်ကြီးတွေ လွယ်ကြတဲ့ လွယ်အိတ်မျိုး ဒီထဲကို သူတို့ က အစုံထည့်ကြလို့  သူတို့ လွယ်အိတ်တွေဆို ပြည့်ဖောင်းနေတာပဲ
ကျောင်းသားမဟုတ်ပဲ လွယ်အိတ်သုံးအမြဲသူများဆိုရင် သူတို့ ကို ပထမဆုပေးရပါမယ်

ပုံတော်တွေအပြင် အလှအပအဖြစ် ဘော်နဲ့ လုပ်တဲ့ လက်ကောက်ဆွဲကြိုး စတာတွေလည်း ရောင်းပါတယ်
ဒါပေမယ့် မြန်မာပြည်မှာနေတဲ့လူမျိုးပီပီ တနပ်စားဉာဏ်ရှိသူတွေဖြစ်လို့ ဈေးဝယ်လာရင် ဒေါ်လာတွေ အများကြီးခေါ်ပီးရောင်းပါတယ် နောက်ဆုံး ၁၀၀ တန်ဆို ၂၀ လောက်နဲ့ ရောင်းကြတော့ တချို့ ဆို ရှေးဟောင်းဆိုတာလည်း အယုံအကြည်မရှိသလို ဖြစ်သွားကြပါတယ်တဲ့ ဒါက တိုးဂိုက်လုပ်ဖူးတဲ့ အကိုကြီးက ပြောပြတာ တကယ်ဆိုရင် ဈေးသည်တွေ အဲလောက်ထိ မလုပ်သင့်ဘူး အခုတော့ သူတို့ စားပေါက် သူတို့ ပိတ်သလိုဖြစ်နေပါတယ်လို့ လည်း သူက ပြောပြပါတယ်
နန့် ပန်ဈေးထဲက စားသောက်ဆိုင်တန်းပါ မိုးဗြဲဒဲကြီးထဲက ဘာတွေလည်းဆိုတာ သွားကြည့်ချင် ပေမယ့် ရှေ့ မှာ ဆိုင်တခုကာနေလို့  အဝေးကပဲလှမ်းရိုက်ရပါတယ်

အခုလို ယွမ်းထည် ပေစာရွက်မဟုတ်တဲ့ စက္ကူရှေးဟောင်းကျမ်းလို၂ ဘာလို၂တွေလည်း အများကြီးပါ
ကိုယ်တွေဈေးဝယ်နေချိန်မှာ ဖခင်ကြီးကတော့ ဈေးသည်တွေရဲ့  သဘာဝကို မေးမြန်းလေ့လာနေပါတယ်
ဈေးထဲက စားသောက်ဆိုင်တန်းမှာ ဈေးနေ့ ဆိုတော့ လူတွေအပြည့်
စံမတူဆိုင်က စပါယ်ရှယ်တို့ ဖူးသုပ်တောင် မစားခဲ့ရပါဘူး စောနက ငါးထမင်းနယ်စားထားတာ ဗိုက်ပြည့်နေလို့ 

သားရေပွကြော်ခေါ်သလား (အမဲခေါက်ကြော်နဲ့ မကြော်ရသေးတဲ့အချောင်းတွေပါ) 
မရွှေဖဲတို့ က အမဲမစားတော့

ဟောဒီက ၀က်ခေါက်ကြော်ဝယ်ပါတယ် စားလို့ အတော်ကောင်းပါတယ် လတ်ဆတ်တော့ ကြွပ်၂မွှေး၂လေး
တထုပ်ကို ၁၀၀ ကျပ်

ပအိုဝ့်မကြီးရောင်းတဲ့ဆိုင်က ကြက်သွန်ဖြူ ဥတလုံးကို မရွှေဖဲနဲ့  မိခင်ကြီး အားပါးတရ၀ယ်ကြပါတယ်


တို့ ဖူးကြော် တို့ ဖူးသုပ်ဆိုင်တွေက တဈေးလုံး အပြည့်ပါ မစားရတိုင်း လက်အားတိုင်း ဒါ့ပုံရိုက်ပါတယ်
တကယ်က တောရွာတွေရဲ့ ဈေးတန်းကို သိစေချင်လို့ ပါ ဗဟုသုတပေါ့

အင်းသူငယ်ငယ်လေးလည်း ဂြိုလ်ပြေနံပြေ အလံလေးတွေထင်တာပဲ ရောင်းနေတာတွေ့ လို့  ဒါ့ပုံရိုက်

ဟောဒီက တောင်းထဲက ညို၂တွေက ငါးထမင်းနောက်တမျိုးပါ ဒီဒေသမှာက ထမင်းကို ချိန်ခွင်နဲ့ ချိန်ပီး ရောင်းပါတယ် ကိုယ်က ဒါတွေက ငါးချဉ်လို ချက်စားရတယ်ထင်တာပါ
မဟုတ်ဘူး ဒီအတိုင်းလည်း တို့ ဖူးကြော် တို့ ဖူးသုပ်နဲ့  စားကြပါတယ်တဲ့
အပေါ်က ဆိုင်တွေမှာ ဈေးဝယ် ဈေးသည်တွေက ရှမ်းထမင်းနဲ့  တို့ ဖူးကြော် တို့ ဖူးသုပ်နဲ့  မနက်စာ နေ့ လည်စာ စားကြတာပါ တချို့ လည်း တို့ ဖူးသုပ်လေးသပ်၂၀ယ် ခုလို ငါးထမင်းသပ်၂၀ယ်ပီး စားကြတာပါ အသားဟင်းဘာညာမပါပါဘူး တကယ့်ရိုးရှင်းတဲ့ ဒေသ အစားအစာတွေပါ

ခြံထွက်ဂျူးမြစ်ကလေးရယ် လက်ဖက်အစိုထုတ်လေးတွေရယ်ကို ရောင်းနေတဲ့ ဈေးသည်လေးတွေလည်း အများကြီးပါပဲ သိပ်သနားပီး ၀ယ်ချင်သော်လည်း ကိုယ်တွေက ခရီးဆက်ဦးမှာဆိုတော့ အထားခံမှာမဟုတ်ဘူးဆိုပီး စိတ်လျှော့ထားရပါတယ်

နှမ်းမည်းလေးတွေနဲ့ ဆန်ပြားလေးတွေပါ သူတို့ ဒေသအခေါ်သေချာမသိပေမယ့် ဟိုအရင် သူများပြောသံကြာဖူးသလိုပြောရရင် ခွေးလျှာလို့ ခေါ်ပါတယ် ကြော်စား ကင်စားရတာပါ မ၀ယ်ဘူးလား မေးမနေပါနဲ့  အထားခံတဲ့ပစ္စည်းဆို လက်မနှေးဘူး ၀ယ်ပါတယ် လက်ဆောင်ပေးရအောင်ပါ

တော်တော်များများ ၀ယ်ကြပါတယ် နှမ်းပါတာကော မပါတာကော

ခြံထွက်ငှက်ပျောသီးနဲ့  အိမ်တွင်းမှုအကြော်အလှော်ထုတ်လေးတွေလည်း ဈေးနေ့ ရောင်းဖို့ ယူလာတယ် အပြန် အိမ်အတွက်လိုအပ်တာတွေ ၀ယ်ဖို့ ပေါ့

ရှမ်းတို့ ဖူး စစ်စစ် 
အဲ့တုန်းကတော့ ဗိုက်ပြည့်နေတော့ အမြည်းတောင် တောင်းမစားခဲ့ဖူး အခုတော့ တဗန်းလုံး ဗန်းပါမချန် ၀ါးစားချင်စိတ်ပေါက်ပါတယ် တို့ ဖူးခြောက်တော့ အထားခံလို့ ဝယ်ခဲ့ပါတယ်

စောနကထမင်းဆိုင်က ငါးထမင်းဝယ် တို့ ဖူးသုပ်နဲ့  အားပါးတရစားနေတဲ့ ဈေးသည်ကြီး
မရွှေဖဲတို့ ဗိုက်က သိပ်အထိခံတာမဟုတ်တော့ အားကြယုံပဲအားကြတာပါ မစားရဲပါဘူး
ရှေ့ က ဂျူးမြစ်တို့  ကြက်သွန်မိတ်တို့ စတဲ့ အရွက်စိမ်း၂မြင်တိုင်း မ၀ယ်ရတော့ လူဘ၀ကနေ ဆိတ်ဘ၀ခဏပြောင်းလို့ ရတော့ ပဲဟဲဟဲအော်ပီး တဈေးလုံးက အစိမ်းအရွက်မှန်သမျှ စားပလိုက်ချင်စိတ်ပေါက်တော့တာပါပဲ

ပန်းဂေါ်ဖီပွင့်လေးတွေက ခြံထွက်တနိုင်တပိုင်ဆိုတော့ အပွင့်သိပ်မလှပေဘူးပေါ့ ဒါပေမယ့် သေချာသိတာက လတ်ဆတ်တော့ အရသာက ချိုနေမှာပဲဆိုတာ

ရှမ်းပဲပုတ်စေ့ မြေပဲ ပဲလှော်မျိုးစုံပါ မိခင်ကြီးက အညာသူပီပီ ပဲအလွန်ကြိုက်ပါတယ် ဒီတော့ ၀ယ်ပါတယ် 
မ၀ါးနိုင်ရင် ရေစိမ်စားမယ်ဆိုတဲ့ အမျိုးပါ အင်မတန်စိတ်ကြီးပါတယ် တားတဲ့ကြားကလည်း အတင်းဝယ်ပါတတယ်

ဒါကတော့ အင်းလေးဒေသ သားရေစာမျိုးစုံပါ ဘာတွေလဲဆိုတာတော့ မမေးပါနဲ့ တော့ မရွှေဖဲက ဒါ့ပုံပဲရိုက်တာ ၀ယ်လည်းမစားတော့ နာမည်လည်း မမေးရဲပါဘူး သိသေလာက်ဆို ကရေကယာတို့  ထန်းညက်နဲ့ ဆန်နဲ့ လုပ်တဲ့မုန့် တို့ ပဲ များပါတယ်

ဒါက ပဲနဲ့ လုပ်တဲ့ စာကလေးခွေတို့  ဘာတို့ ပါ

ဒါတော့ ကောက်ညှင်းနဲ့ လုပ်ပုံပေါ်ပါတယ် တုန်၂ ကပ်စီးလေးတွေဆိုတော့ သိသူများ နာမည်ပြောသွားကြပါ
ဒီကတော့ တကယ်မသိတာပါ
တောင်ကြီးပဲကြော်ခေါ်တဲ့ပဲရယ် ဒေသထွက်မုန့် တွေရောင်းတဲ့အသည်
ဆိုင်တွေက များကြီးပါ ဈေးနေ့ ဆိုတော့ လူလည်အတော်စည်ပါတယ်
မရွှေဖဲတို့ သားအမိတတွေ ဈေးကိုပတ်ကြပါတယ်
မရွှေသဲနဲ့  မရွှေကဲတို့ ကတော့ လူရှုပ် စိတ်ရှုပ်ပီး ဈေးတန်းပတ်ရတာ စိတ်ညစ်လို့ လှေဆီပြန်သွားပါတယ်
မရွှေဖဲတို့ က ဈေးပတ်ရတာ အတော်ဝါသနာကြီးပါတယ် ၀ယ်၂ မ၀ယ်၂ ဒီတော့ အခုဈေးကို ၃ ခေါက်လောက် ပတ်ပါတယ် ၀ယ်ရမယ့်ပစ္စည်းချက်ချင်းတန်းမ၀ယ်ပဲ နောက်တခေါက်မှ ၀ယ်မယ်ဆိုပီး လျှောက်ကြည့်ပါတယ် ဒါမှလည်း ဒီဒေသထွက် ဒီဒေသရဲ့  စရိုက်ကို သိမှာမလား

ဈေးထဲက မုန့် ဖူးစာသည် ဟိုမုန့် လုံး၂တော့ နာမည်မသိဘူး

စားစရာဆို သိပ်သဘောကျပါတယ် မစားနိုင်တာက အစာအိမ်နဲ့ ဗိုက်အလုပ် စိတ်ဝင်စားတာ စားချင်တာက ပါးစပ်အလုပ် ဒီတော့ တွေ့ သမျှ စားစရာဆိုင် အကုန်ရိုက်ပါတယ် 

ပဲဖတ်လား နှမ်းဖတ်လား မသေချာပါဘူး ဒီဒေသမှာ ဘာလုပ်စားလည်း မသိပါဘူး 
အညာအရပ်မှာတော့ ဒါကို နွားတွေအစာအဖြစ်ကျွေးတာ တွေ့ ဖူးပါတယ် ဘယ်ကနေရသလဲဆိုရင် မြေပဲတို့  နှမ်းတို့ ကို ဆီအဖြစ်ကြိတ်ရာမှာ ထွက်လာတဲ့ ကုန်ကြမ်းပါ

ကောက်ညှင်းပြားကြော် လုပ်စားရတဲ့ ကောက်ညှင်းခွက်ခြောက်လေးတွေပါ
သစ်ရွက်ပုံလေးတွေလိုလို လုပ်ထားတာလေးက ချစ်စရာလေး 
မ၀ယ်ခဲ့ပါဘူး မကြော်တတ်ရင် မာသွားတတ်လို့ ပါ

ဟောဒီမှာ ဒါရိုက်တာမင်းထင်ကိုကိုကြီးရဲ့  အင်းသီးတော်ရေ့ 
အင်းခရမ်းချဉ်သီးစစ်စစ်ပါ နေရောင်ကျသွားလို့  တခြမ်းမှောင် တခြမ်းလင်းဖြစ်သွားတာပါ
ဒီလို ကျောက်စိမ်းသီးလေးတွေကို လက်ဖက်နဲ့ များ သုပ်စားလိုက်ရရင်ဖြင့် ရှလွတ် ကောင်းမှကောင်းပါပဲ

ဒေသထွက် ပိန်းဥ ပိန်းဥ ကလောဖက်မှာဆိုရင် တရုတ်ပိန်းဥလို အကြီး၂တွေရှိပါတယ်
ဒီအသေးလေးတွေက ပြုတ်ပီး ဆီနဲ့ ဆားနဲ့ တို့ စားစား ဟင်းချက်စားစား ကောင်းပါတယ်
ပိန်းဥဆို အကုန်ကြိုက်ပါတယ် ဟို ဘလော့ဂါ ဘိုးအေကြီး ကိုဘက ဒါကြောင့် ညည်းပိန်းနေတာဆိုပီး နာမည်ဖျက်ပါတယ်

နန့် ပန်းဈေးတန်း တနေရာ လိမ်မော်ပေါ်ချိန်ဆိုတော့ တဈေးလုံး လိမ်မော်သီးသည်အပြည့်ပါ

ဟောဒီလို လှတပတ ပန်းကလေးတွေရော ဒေသထွက်ပန်းကလေးတွေရောရှိပါတယ်
မြင်မြင်သမျှ အားလုံးက လတ်ဆတ်လို့ နေပါတယ်
ဒီလိုနဲ့ မရွှေဖဲတို့ ဈေးကို ၃ပတ်လောက်ပတ်ပီးသကာလ ၀ယ်ထားတာတွေဆွဲလို့ လှေဆိပ်ဆီပြန်ခဲ့ပါတယ်
စံတော်ချိန်ကတော့ မနက် ၁၀ နာရီခွဲ ၀န်းကျင်ဖြစ်ပါတယ်
လှေဆိပ်ရောက်တော့ လှေထွက်ကာနီးမှ အဲ့အနောက်ဖက်ကဟာ မီးသဂြိုလ်စက်ကြီးလို့ ပြောလို့  မရွှေဖဲမယ် လန့် ဖျန့်  တွန့် တက်သွားပါသေးတယ် တကယ်ဆို အဝေးရောက်မှ ပြောရောပေါ့
ခု အင်းလေးဒေသက သိပ်တိုးတက်သွားပါပီ အရင်ကြားဖူးခဲ့သလို အင်းသားသေရင် ရေထဲ မြှုပ်တဲ့ အလေ့မဟုတ်တော့ပါဘူး မီးသဂြိုလ်ပါတယ် ရေအိမ်များကိုလည်း ကွန်ကရစ် အခွေတွေချပီးလုပ်ပါတယ်
ဒါကတော့ မရွှေဖဲ စပ်စုလို့ ဂိုက်အကိုကြီးက ပြောပြပါတယ် မဟုတ်လည်း ခက်ရချည်ရဲ့  ဒီရေထဲနေ ဒီရေသောက် ဒီရေထဲ EEပါ ဒီရေထဲ ရေချိုး ဒီရေထဲ လူသေမြှုပ်ဆို ကျန်းမာရေးအရကို ပတ်ဝန်းကျင်ပါညစ်ညမ်းစေပါတယ် 
ကဲ ဒီပိုစ့်လေးကတော့ မရွှေဖဲလို ၀ါသနာတူများပါရင် ဈေးပတ်လို့ ရအောင် သီးသန့် ရေးလိုက်တာပါ
နောက်တပိုင်း ဆက်သွားမယ့်နေရာကိုတော့ နောက်တပိုစ့်မှာပဲ ရေးပါတော့မယ်

အခုလို လာရောက်ဖတ်ရှုတဲ့ မိတ်ဆွေများအားလုံးကို မင်္ဂလာ သောကြာနေ့ ကလေးဖြစ်ပါစေလို့  ဆုတောင်းရင်း မနက်ဖြန်မှာရောက်မယ့် စနေအတွက် ကြိုရင်ခုန်ကြပါစို့ လား ခင်ဗျာ